welcome

Saturday, November 12, 2011

Computer အကြောင်းသိသမျှ

computer အကြောင်း သိကောင်းစရာများ ဆိုလို့ ကျနော့်ကို ဒီကောင်ဘာလဲ ဆရာကြီးလား လို့မထင်လိုက်ပါနဲ့ ကျနော် ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်သိတဲ့ ကျနော်တတ်တဲ့ အရာ တွေကို မသိသေးသူများ သိအောင်လို့ရယ်၊ ကျနော့်လိုပဲ ဘယ်ကျောင်းမှ မတက်နိုင်၊ ဘာပညာမှလဲ မတတ်၊ computer အကြောင်းကလဲ သိချင်၊ သင်ပေးမဲ့သူလဲ မရှိဆိုတော့ ကျနော်လိုလူမျိုးတွေ အတွက် ရည်ရွယ်တာပါ။ computer အကြောင်း စလေ့လာတုန်းကဆိုရင် ...... တကယ်ပါ ကျနော့်ကိုဘယ်သူမှ မသင်ပေးခဲ့ပါဘူး၊ ကြားဆရာ၊ မြင်ဆရာတွေတော့ ရှိတာပေါ့နော်၊ သင်ဆရာရယ်လို့ မရှိခဲ့ပါဘူး။ ကိုယ်တိုင်ကလဲ စိတ်ဝင်စားတော့ လိုက်လေ့လာရင်းနဲ့ အခုဆို ဆရာဖြစ်မှန်း မသိ ဖြစ်နေပါပြီ (ကိုယ့်ဟာကိုယ် ကျောင်းဆင်းပြီး၊ ကိုယ့်ဟာကိုယ် ပြန်ပြီးဘွဲ့ပေးလိုက်တာပါ။) ကဲ .... ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ .... အမှားတွေ့ရင်လဲ ဝေဖန်နိုင်ပါတယ်။ အမှန်ဆိုရင်လဲ နည်းပညာတွေ ယူသွားကြပေါ့ဗျာ......။ အခြေခံလေးတွေ အဓိထားပြီး ရေးသွားမှာပါ။


၁ ..။ computer ဆိုတာ မြန်မာလို ဘာသာပြန် ရေးမယ်ဆို... ကွန်ပျူတာပါ ... ရှင်းလားမသိဘူး၊ မရှင်းရင်ပြောနော် သေချာထပ်ရှင်းပြပေးမယ်။


၂.. ။ ကွန်ပျူတာမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ လျှပ်စစ်မီးပါ( တနည်းအားဖြင့် ပါဝါ ပေါ့ဗျာ)ဟုတ်ပါတယ် မီးမရှိရင်ဘာမှ လုပ်စားလို့ မရတော့ပါဘူး ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ ဘတ္ထရီနဲ့ အသုံးပြုတဲ့ လက်တော့တွေလဲ လျှပ်စစ်ဓာတ်ကို အခြေခံတာမို့ သူလဲပဲ အတူတူပါပဲ (ကပ်သီးကပ်သတ် ပြောတတ်တဲ့ သူတွေ ရှိတတ်လို့ အခုလိုသေချာရှင်းပြတာပါ) ကဲ ... အခြေခံလေး သဘောပေါက်ပြီဆိုတော့ နောက်တဆင့် တက်လိုက်ကြစို့.... ။


၃.. ။ကွန်ပျူတာတိုင်းမှာ ဒုက္ခအပေးဆုံးက ဘာလဲဆိုတာ လူတိုင်း သိပါတယ်။ အဲဒါ ဘာလဲဆိုတော့ virus လို့ အင်္ဂလိပ်လိုခေါ်ပြီး မြန်မာလိုတော့ ဗိုင်းရပ်စ် လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေပါ၊ ရှင်းရဲ့လား မသိဘူး။ အနီးစပ်ဆုံး ပြောရရင်တော့ဗျာ လူတွေဟာ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုမစိုက်ရင် ရောဂါတွေ ဝင်တတ်သလိုပါပဲ။ ဒီတော့ လူတွေက မိသားစု ဆရာဝန် ဒါမှမဟုတ် ကိုယ်နေတဲ့ ပါတ်ဝန်းကျင်မှာ ဆေးရုံ၊ ဆေးခန်းဘယ်နား ရှိတယ် ဆိုတာတော့ အနဲဆုံး သိထားသင့်သလိုပေါ့၊ အဲဒီလိုပဲ ကွန်ပျူတာတိုင်းမှာလဲ antivirus လို့အင်္ဂလိပ်လို ခေါ်ပြီး မြန်မာလိုတော့ အန်တီဗိုင်းရပ်စ် software လေးတွေ ထားရှိသင့်ပါတယ်။ နောင်လာမဲ့ နှစ်တွေမှာ ဒီဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ အတွက် အန်တီဗိုင်းရပ်စ်ထက် အဆင့်မြင့်တဲ့ uncle virus တွေလဲထွက်ရှိလာမယ်လို့ သတင်းကြားရပါတယ်။ ဒီ ဗိုင်းရပ်စ်တွေ ဒုက္ခ မပေးနိုင်အောင်၊ ကိုယ်လဲ စိတ်သောက မရောက်ရအောင် လုပ်တဲ့နည်းကတော့ ..... ဟုတ်ကဲ့ .... ကွန်ပျူတာ လုံးဝ မဝယ်ပါနဲ့ ဝယ်ထားပြီးရင်လဲ ကျနော့်ကို ပေးနိုင်ပါတယ်၊ ကျနော်က အဲဒီဒုက္ခတွေကို ခါးစီး ခံပေးပါ့မယ်၊ စေတနာနဲ့ ပြောနေတာပါ၊ ကျနော်လိုလူမျိုး လိုက်ရှာရင် ထမင်းထုတ်သာ သိုးသွားပါမယ် ရှာတွေ့မှာ မဟုတ်ပါဘူး။


၎.. ။အခုပြောမဲ့ အကြောင်းကတော့ ကွန်ပျုတာရှိသူတိုင်း ကြုံတွေ့နေရတဲ့ ဒုက္ခပါ။ ဘာလဲဆိုတော့ ဖုန်တက်တာ၊ လက်ရာထင်တာတွေ သုတ်ပေးရတာပါ။ ဒီဟာတွေက ကိုယ် အသုံးပြုနေသမျှ ကာလပါတ်လုံး ဘယ်လိုမှ တားဆီးလို့ မရပါဘူး။ ဒီတော့ အကောင်းဆုံးနည်းကတော့ ခုနက အပေါ်မှာပြောသလို မဝယ်ပါနဲ့၊ ဝယ်ပြီးရင်လဲ ကျနော့်ကိုပဲ ပေးပါ။ မပေးဘူး၊ မပေးဘူး ဆိုပြီး ဥစ္စာခြောက်နေပါသလား .... ရပါတယ်၊ မပေးလဲ မယူရုံပါပဲ။ စေတနာတွေက ရေစီးကမ်းပြိုသလို ဖြစ်နေတော့ မပေးချင်ဘဲ ဥစ္စာခြောက်နေသူများ အတွက် အကောင်းဆုံး သန့်ရှင်းရေး နည်းကတော့ ဒတ်စတော့ ဆိုရင်တော့ မိမိရဲ့ စက်ကို ရေချိုးခန်းထဲယူသွားပါ၊ ပြီးရင် ပါဝါကြိုးကို ပလက်ပေါက်မှာ တပ်လိုက်ပါ၊ ပြီးရင် ပါဝါခလုတ်ကို နှိပ်လိုက်ပါ၊ နှိပ်ပြီးပြီ ဆိုရင်တော့ ရေနဲ့ သေသေချာချာ ပက်ဆေးပေးပါ၊ ဆေးပြီးရင် လက်နဲ့ သေသေချာချာ ကိုင်ပြီး ပွတ်တိုက်ပေးလိုက်ပါ၊ အဲဒီဖုန်တွေ လက်ရာတွေဟာ ယူပစ်သလို မပျောက်ခင်မှာ ကိုယ့်လူ အရင် အသက်ပျောက်မှာပါ၊ အဲလိုအသက်ပျောက်သွားရင်တော့ ဦးမိုးဒီကြီး ထက်လင်း ရင်လူးဆေး ကြော်ငြာလိုမျိုး ... တားတား(သို့မဟုတ်)မီးမီး လုပ်ချင်တာ လုပ်လို့ရပြီ၊ လက်ရာ မထင်တော့ဘူး၊ ဖုန်လဲမသုတ်ရတော့ဘူး ..... အဲဒါ ... ကိုအိမ့် နည်းလမ်းလေး လိုက်လို့ပေါ့ .... ဆိုပြီး သွားချင်ရာသွား၊ လုပ်ချင်တာ လုပ်လို့ ရသွားပါပြီ။ လက်တော့ဆိုရင်တော့ ပိုပြီး သေချာအောင် ပလက်ပေါက်ကို လက်နှိုက်လိုက်ပါ။
၅.. ။ ဒီတခါတော့ ပေါချောင်ကောင်းလိုက်ရှာနေသူများအတွက် ရည်ရွယ်ပါတယ်။ ဘာလဲဆိုတော့ ကျနော် လင့်တော်တော်များများကိုပေါ့လေ လိုက်လေ့လာ ကြည့်တဲ့ အခါမှာ ...... အထူးသဖြင့်ပေါ့၊ မြန်မာအိုင်တီ ဒဘလော့မန့်တို့၊ အွန်လိုင်းဒေါက်တာတို့၊ ကိုသံလုံငယ်တို့၊ ကိုဟတ်တူဟတ်၊ ကိုမနောသား၊ စသည်ဖြင့်ပေါ့နော် နည်းပညာကို ဦးစားပေး ရေးသားနေကြတဲ့ သူတွေဆီမှာ တချို့လဲ ဆော့ဝဲအလကား လာတောင်းတာတွေ၊ လာယူတာတွေ၊ ဘယ်ဟာ သုံးရမလဲ ၊သုံးရင်လဲ အလကားရမဲ့ဟာ၊ တချို့လဲ သူတို့လင့်တွေဆီ လာလည်ပြီး ကောင်းရာနိုးနိုးလေးတွေကို လာဒေါင်းသွားတာ .... စသည်ဖြင့်ပေါ့ဗျာ .... အဲလိုတွေ မြင်တွေ့နေရတော့ အဲလို အကူအညီလိုသူတွေကို တဖက်တလမ်းက ကူညီချင်တာပါ။ အဲဒီလူများအတွက် အကောင်းဆုံး အလွယ်ဆုံးနည်းကတော့ ..... ဆိုင်မှာ သွားဝယ်လိုက်ပါ၊ ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ ခရတ်ဒစ်ကဒ်နဲ့ ဝယ်လိုက်ပါ၊ ဒါမှမဟုတ် ပိုက်ဆံ မရှိဘူးလား... မိဘဆီက တောင်းပါ၊ မိဘဆီကလဲ တောင်းမရဘူးလား.... ကိုယ့်ဟာကိုယ် အလုပ်လုပ်ပြီး ပိုက်ဆံရှာပါ ပြီးရင် ဝယ်လိုက်ပါ။ ဒါမှမဟုတ် ဘယ်လိုအသုံးပြုရမှန်း မသိဘူးလား .... ကျနော့်ကိုသာ ပေးလိုက်ပါ၊ ဦးနှောက်အစားမခံပါနဲ့ ဒီဒုက္ခတွေကို ခါးစီးခံပေးမဲ့သူပါ။
၆.. ။ နောက်တနည်းကတော့ မိမိရဲ့ ဓာတ်ပုံ (အီးပုံ မဟုတ်ဘူးနော် မှားမယ်၊ ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုပြောတာပါ) တွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင်ကိုယ်ကျ မိမိစိတ်ကြိုက် အသုံးပြုနိုင်တဲ့ နည်းပညာလေးပါ မျှဝေချင်တာပါ။ ဘယ်လိုနည်းပညာလဲဆိုတော့ ... ..... မိမိရဲ့ပုံတွေကို ဖရိန်လှလှလေးတွေ၊ ဒီဇိုင်းလှလှလေးတွေ၊ ပစ်ချာစလိုက်ရှိုးလုပ်နည်းနဲ့ မိမိရိုက်ကူးထားသော ဗီဒီယိုများကို နောက်ခံတေးဂီတထည့်နည်း၊ စာသားထည့်နည်း၊ တခန်းနဲ့တခန်း အကူးအပြောင်းကို ပုံစံ အမျိုးမျိုးနဲ့ ကူးပြောင်းနည်း စသည်ဖြင့်ပေါ့နော် လုပ်လို့ရတဲ့ နည်းပညာလေးပါ....။ စိတ်ဝင်စားသွားပြီလား .......... ကဲ ..... စိတ်ဝင်စားတယ်ဆိုရင်တော့ ပြောပြရမှာပေါ့ဗျာ ..... အဲဒီနည်းကတော့ မိမိနဲ့ အနီးဆုံး ဆိုင်မှာသာ သွားအပ်လိုက်ပါ၊ မိမိစိတ်တိုင်းကျ ပြောဆိုမှာကြားလို့ ရသလို၊ မကျေနပ်ရင်လဲ ပြဿာနာရှာလို့ ရပါသေးတယ်။ ပိုက်ဆံတော့ ကုန်မှာပါ ဒါပေမဲ့ အနည်းဆုံးတော့ မိမိမျက်စေ့ညောင်းမှာ၊ ဇက်ကြောတက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ သက်သာမယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး၊ ဒီတော့ မိမိကိုယ်ကို မိမိ သနားရင် ဆိုင်မှာသာ သွားအပ်လိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ ဆိုင်တွေကို မယုံကြည်ဘူး၊ ကိုယ့်ပုံတွေ သိမ်းထားနိုင်တယ်၊ တခြားဖြတ်ညုပ်ကပ်ညုပ်လုပ်ပြီး အင်တာနက်ပေါ်တင်ပြီး နာမည်ဖျက်မှာစိုးရင်တော့ ကျနော့်ဆီကိုသာ အပ်လိုက်ပါ၊ လုံးဝစိတ်ချပါ ကူးယူပြန့်ပွားအောင် လုပ်မဲ့သူ မဟုတ်ပါဘူး၊ အဲ... တခုတော့ ရှိတယ် ကောင်မလေးချောချောဆိုရင်တော့ ရည်းစားစကား အပြောခံရရုံပါပဲ။

No comments:

Post a Comment